မြန်မာ့အရေး နိုင်ငံတကာရဲ့ အစဉ်တစိုက်ပံ့ပိုးကူညီမှု ယခင်ကထက် ပိုလိုအပ်နေ
ဆောင်းပါး
*ဤဆောင်းပါးကို Frontier Myanmar တွင် မူရင်းရေးသား ထုတ်ဝေထားပါသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ)က သူမရဲ့ နိုင်ငံတွင်း ပထမဆုံး ၆ လတာ အတွေ့အကြုံတွေအပြင် ပဋိပက္ခတွေ၊ ဘက်ပေါင်းစုံ အကျပ်အတည်းတွေ ကြုံနေရတဲ့ မြန်မာပြည်သူတွေကို ကူညီဖို့အတွက် လက်ရှိမှာ ဘာတွေ လိုအပ်နေလဲဆိုတာကို ပြောပြထားပါတယ်။
ကျွန်မက West Bank ကနေ လက်ဘနွန်နဲ့ မကြာသေးမီက တာဝန်ကျခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်အထိ ကမ္ဘာတစ်ဝန်းက ပဋိပက္ခဖြစ်ပွားရာ ဒေသတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းခွင်တွေမှာ ၂၅ နှစ်ကျော်ကြာ လုပ်ကိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ) အဖြစ်နဲ့ ၆ လကြာ တာဝန်ယူပြီးတဲ့နောက်မှာတော့ ဒီနိုင်ငံရဲ့ သိသိသာသာ ကွဲပြားခြားနားချက်တွေက ကျွန်မကို အတော်လေး အံ့အားသင့်စေခဲ့ပါတယ်။ မရေမတွက်နိုင်တဲ့ ယဉ်ကျေးမှုမျိုးစုံ ထွန်းကားပြီးသဘာဝသယံဇာတတွေလည်း ပေါကြွယ်ဝတဲ့ နိုင်ငံတစ်ခုဖြစ်ပေမဲ့ တစ်ဖက်မှာကျတော့လည်း သဘာဝဘေးအန္တရာယ်တွေ မကြာခဏ ကြုံရတတ်ပြီး ပဋိပက္ခဒဏ်ရာဒဏ်ချက်တွေနဲ့ ပြည့်နှက်နေတာကို တွေ့ရတာပါ။
နေ့စဉ်ဘဝကို ပုံမှန် လိုလိုနဲ့ အေးအေးဆေးဆေး ဖြတ်သန်းလို့ရတဲ့ဒေသအချို့ ရှိနေသေးပေမဲ့လည်း နိုင်ငံအနှံ့က ပြည်သူ သန်းချီဟာ ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာ ထွက်ပြေးရတာတွေ၊ သဘာဝ ဘေးအန္တရာယ်တွေနဲ့ စီးပွားရေးအကျပ်အတည်း စတဲ့ ဒုက္ခမျိုးစုံကို တစ်ပြိုင်နက်တည်း အလူးအလဲခံနေကြရပါတယ်။ တချို့နေရာတွေမှာဆိုရင် တစ်ရွာလုံး၊ တစ်ရပ်ကွက်လုံး နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေကြရပြီး၊ တစ်ခါမက ခဏခဏ ရွှေ့ပြောင်းရတဲ့အထိပါပဲ။ ဒေသတော်တော်များများမှာလည်း အခြေခံ ဝန်ဆောင်မှုတွေက အားနည်းသွားတာ ဒါမှမဟုတ် လုံးဝ ပျက်စီးသွားတာမျိုးတွေ ဖြစ်နေပြီး လုပ်ကိုင်စားသောက်စရာ အလုပ်အကိုင်တွေလည်း မရှိတော့ပါဘူး။ မိသားစု အတော်များများအတွက်ကတော့ နေ့စဉ် အသက်ရှင်သန်ဖို့အတွက်ကိုပဲ မရေမရာနဲ့ ရုန်းကန်နေကြရတာပါ။
မြန်မာပြည်သူလူထုဆီမှာ ခံနိုင်ရည်စွမ်းအားရှိပါတယ်။ ဘယ်လိုမှ ချိုးဖျက်လို့မရတဲ့ ကြံ့ခိုင်မှုမျိုးပေါ့။ ဒါပေမဲ့လည်း အဲဒီလို မာကျောမှုတွေရဲ့ နောက်ကွယ်မှာ သူတို့ ခံစားနေရတဲ့ ဒုက္ခတွေရဲ့ လေးလံမှုနဲ့ နက်နက်ရှိုင်းရှိုင်း မျိုသိပ်ထားရတဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို အတိုင်းသား ခံစားမိနိုင်ပါတယ်။
နှစ်နဲ့ချီတဲ့ ပဋိပက္ခတွေကြောင့် သူတို့ပင်ပန်းနွမ်းနယ်နေကြပါပြီ။ ထပ်ခါတလဲလဲ ကြုံရတဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့်လည်း နွမ်းနယ်နေကြပါပြီ။ ဘဝတွေကို အစကနေ ခဏခဏ ပြန်တည်ဆောက်လိုက်၊ ပြန်ပျက်စီးသွားတာကို မြင်ရလိုက်နဲ့ဘဲ ခြေကုန်လက်ပန်းကျနေကြပါပြီ။ နောက်ပြီး ပိုဆိုးတာက မေ့လျော့ခံထားရတယ်လို့ ခံစားရတဲ့အတွက် သူတို့ ပိုပြီး စိတ်ပျက်အားငယ်နေကြတာပါ။
ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာ ကျွန်မ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေအပြင် ရခိုင်နဲ့ ရှမ်းပြည်နယ်တွေကိုလည်း သွားရောက်ခဲ့ပါတယ်။ တစ်နေရာနဲ့ တစ်နေရာတော့ မတူကြဘူးပေါ့။ မြန်မာနိုင်ငံရဲ့ အခြေအနေက ရိုးရိုးရှင်းရှင်းလေးနဲ့ ခြုံငုံပြောလို့ရတဲ့ အရာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီဒေသတွေကြားမှာ ချိတ်ဆက်နေတဲ့အချက်က အကျပ်အတည်းတွေက တစ်ခုပေါ်တစ်ခု ထပ်နေပြီး အဲဒီအကျပ်အတည်းတွေကပဲ တစ်ခုနဲ့တစ်ခု ပိုပြီးတော့ ဆိုးရွားလာအောင် တွန်းပို့နေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ စိန်ခေါ်မှုတွေအကြောင်းကို စကားဝိုင်းအမျိုးမျိုးမှာ သီးခြားစီ ခွဲပြီး ပြောကြလေ့ရှိပါတယ်။ တစ်နေရာမှာ ပဋိပက္ခဖြစ်တဲ့အကြောင်း၊ နောက်တစ်နေရာမှာ ရေကြီးတဲ့အကြောင်းနဲ့ တခြားနေရာမှာတော့စီးပွားရေး ကျပ်တည်းနေတဲ့အကြောင်းတွေပေါ့။ ဒါပေမဲ့ လူထုအတွက်ကတော့ အဲဒီ အကျပ်အတည်းတွေက တစ်ကြိမ်မှာ တစ်ခုစီ ရောက်လာကြတာ မဟုတ်ပါဘူး။
ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်ထွက်ပြေးနေရတဲ့ မိသားစုတစ်စုအတွက်တော့ ရေကြီးတယ်ဆိုတာ ရေကြီးရုံသက်သက်တင် မဟုတ်တော့ပါဘူး။ စက်သုံးဆီပြတ်လပ်တာဟာလည်း စီးပွားရေးပြဿနာ သက်သက်တင် မဟုတ်တော့ပါဘူး၊ ဘာလို့လဲဆိုတော့ အဲဒီစက်သုံးဆီစျေးနှုန်းတွေက မိသားစုတွေ အစားအသောက်နဲ့ ဆေးဝါး ဝယ်ယူနိုင်မှု ရှိ/မရှိကို ဆုံးဖြတ်ပေးနေသလို၊ လူသားချင်းစာနာမှု အကူအညီတွေ ဝေးလံခေါင်ဖျားဒေသတွေက လူထုတွေဆီ ရောက်နိုင်/မရောက်နိုင်ဆိုတာကိုပါ အဆုံးအဖြတ်ပေးနေလို့ ဖြစ်ပါတယ်။ ငလျင်မလှုပ်ခင်ကတည်းက မသေရုံတမယ် ရုန်းကန်နေရတဲ့လူထုအတွက်တော့ ငလျင်လှုပ်တာဟာ သဘာဝဘေးအန္တရာယ်တစ်ခုတင် မဟုတ်တော့ပါဘူး။
ဒါကြောင့်မို့လို့လည်း မြန်မာနိုင်ငံအတွက် အလေးအနက်ထား ကူညီပံ့ပိုးပေးဖို့ အရေးတကြီး လိုအပ်နေတာ ဖြစ်ပါတယ်။
မန္တလေးနဲ့ စစ်ကိုင်းဘက်မှာဆိုရင် ပဋိပက္ခဒဏ်တင်မကဘဲ ပြီးခဲ့တဲ့နှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ပါ နှစ်ထပ်ကွမ်းခံစားခဲ့ရတဲ့ အမျိုးသား၊ အမျိုးသမီးတွေနဲ့ ကျွန်မ အတူတူထိုင်စကားပြောဖြစ်ခဲ့ပါတယ်။ တချို့ဆိုရင် ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး၊ ငလျင်ကြောင့် နောက်တစ်ကြိမ် ထပ်ပြီး ရွှေ့ပြောင်းခဲ့ရတာပါ။ သူတို့ရဲ့ နေအိမ်တွေ ရှိသေးရဲ့လားဆိုတာတောင် မသိရပေမဲ့ အခြေအနေပေးရင် အိမ်ပြန်ချင်သလားလို့ ကျွန်မ မေးကြည့်တဲ့အခါ အားလုံးက ချက်ချင်းပဲ ပြန်ချင်တယ်လို့ တညီတညွတ်တည်း ဖြေကြပါတယ်။ အဲဒီ “ပြန်ချင်တယ်” ဆိုတဲ့ စကားသံထဲမှာ တမ်းတမှုတွေ၊ မျှော်လင့်ချက်တွေ ပြည့်နှက်နေသလို နောက်တစ်ခါ ထပ်ပြီး ရွှေ့ပြောင်းရဦးမှာလားဆိုတဲ့ စိုးရိမ်စိတ်တွေလည်း ထင်ဟပ်နေပါတယ်။
ရှမ်းပြည်နယ်ဘက်မှာလည်း အလားတူပဲ အိမ်နေရာအကြွင်းအကျန်လေးပဲ ကျန်ခဲ့ရင်တောင် အိမ်ပြန်ချင်ကြတဲ့ ပြင်းပြတဲ့ ဆန္ဒစကားသံတွေကို ကြားခဲ့ရပါတယ်။ ကျွန်မ တွေ့ခဲ့ရတဲ့သူတွေထဲမှာ ဘယ်သူမှ သူတစ်ပါးရဲ့ အကူအညီအပေါ်မှာပဲ အမြဲ မှီခို မနေချင်ကြသလို၊သူတို့ဘဝတွေကို နေရပ်စွန့်ခွာရွှေ့ပြောင်းနေရသူတွေအဖြစ် သတ်မှတ်ခံရပြီး မနေချင်ကြပါဘူး။
ဒီအကြမ်းဖက်မှုတွေ သူတို့ပတ်ဝန်းကျင်ကို မရိုက်ခတ်ခင်တုန်းက သူတို့မှာလည်း ကိုယ်ပိုင်အလုပ်အကိုင်တွေ၊ ကိုယ်ပိုင်အိုးအိမ်တွေ၊ နေ့စဉ်လူမှုဘဝတွေနဲ့ အနာဂတ်အတွက် အိမ်မက်တွေ ရှိခဲ့ကြတာပါ။ ပြည်သူတွေရဲ့ အနက်ရှိုင်းဆုံးစိတ်ပျက်အားငယ်မှုက ဒါဟာ သူတို့ကိုယ်တိုင်အတွက်ရော၊ သူတို့သားသမီးတွေအတွက်ပါ စိတ်ကူးယဉ်မျှော်မှန်းခဲ့တဲ့ ဘဝမျိုး မဟုတ်လို့ပဲ ဖြစ်ပါတယ်။ သူတို့ တောင်းဆိုနေကြတာက အဆုံးမရှိတဲ့ အကူအညီတွေကို မဟုတ်ပါဘူး၊ သိက္ခာရှိရှိနဲ့ မိမိတို့ဘဝကို မိမိတို့ဖာသာ ပြန်လည်ထူထောင်ခွင့် ရဖို့ပဲ ဖြစ်ပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းကနေ ပါဝင်ကူညီပေးဖို့က တကယ့်ကို အရေးကြီးပါတယ်။ ကျွန်မတို့ဘက်က အရင်းအမြစ်တွေ၊ အတွေ့အကြုံတွေနဲ့ တစ်ကမ္ဘာလုံးက တသွေးတသားတည်းရှိနေတယ်ဆိုတာတွေကို ယူဆောင်လာပါမယ်။ ဒါက တကယ်ကို အရေးပါပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကို ကြည့်ပြီး ကျွန်မ ပိုပြီး သေချာနားလည်လာတာတစ်ခုကတော့ ထိရောက်တဲ့လုပ်ဆောင်ချက်တွေဖြစ်ဖို့ဆိုရင် ဒေသခံလူထုရဲ့ မြေပြင်ပကတိအခြေအနေတွေအပေါ်မှာပဲ အခြေခံရမယ်၊ ပြီးတော့ သူတို့ရဲ့ ဦးဆောင်မှုနဲ့ပဲ ပုံဖော်သွားရမယ်ဆိုတဲ့ အချက်ပါပဲ။
တစ်ချိန်တည်းမှာပဲ ကျွန်မတို့ ကြုံတွေ့နေရတဲ့ အကန့်အသတ်တွေကိုလည်း ရိုးရိုးသားသား ဖော်ပြဖို့ လိုပါတယ်။
တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ကြည့်ရင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေတွေဟာ မကြုံစဖူးလောက်အောင် ကျပ်တည်းနေပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ အကျပ်အတည်းတွေကလည်း ကိန်းဂဏန်း၊ အတိုင်းအတာနဲ့ ခက်ခဲနက်နဲမှုတွေအရပါ တိုးမြင့်လာနေတာမလို့ ရှိနှင့်ပြီးသား အကန့်အသတ်ရှိနေတဲ့ အရင်းအမြစ်တွေကို ပိုပြီးတော့တောင် ရုန်းကန်သုံးစွဲနေရပါတယ်။ အခုလို လူသားချင်းစာနာမှုဆိုင်ရာ ကူညီပေးရမယ့်နေရာတွေ ပိုပြီး ကျပ်ညပ်များပြားလာတဲ့အထဲမှာ မြန်မာနိုင်ငံအတွက် တခြားနေရာတွေနဲ့အပြိုင် အာရုံစိုက်မှုရော ရန်ပုံငွေပါ ရအောင် ကြိုးစားနေရတဲ့ သဘောပါ။ ရန်ပုံငွေတွေ လျော့နည်းလာတဲ့အချိန်မှာ လိုအပ်ချက်တွေက အရေးကြီးလာနေတဲ့အတွက် ရေရှည်လက်တွဲပြီး ကူညီပေးနိုင်ဖို့က ပိုပြီးတော့တောင် စိန်ခေါ်မှုကြီးမားလာနေပါတယ်။
ဒီသက်ရောက်မှုကို ခံစားနေရပြီလို့ ပြောလို့ရပါတယ်။ လိုအပ်ချက်တွေက ပိုမိုကြီးထွားလာနေပေမဲ့လည်း လူသားချင်းစာနာမှုဆိုင်ရာ ကူညီပေးနေတဲ့သူတွေမှာတော့ ရှိတဲ့ အကန့်အသတ်ရှိတဲ့ အရင်းအမြစ်တွေကို ဘယ်နေရာကို ဦးစားပေးပြီး သုံးရမလဲဆိုတာ ခက်ခက်ခဲခဲ ရွေးချယ် ဆုံးဖြတ်နေကြရပါတယ်။
တစ်ချိန်တည်းမှာပဲ မြေပြင်က လုပ်ငန်းလည်ပတ်မှုဆိုင်ရာ စိန်ခေါ်မှုတွေဟာ အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့်ဖြစ်တဲ့ စက်သုံးဆီအကျပ်အတည်းနဲ့ပါ ထပ်ဆင့်ကြုံနေရတော့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ပိုပြီး ခက်ခဲစေသလို ကုန်ကျစရိတ်လည်း ပိုကြီးလာစေပါတယ်။ စက်သုံးဆီ ရှားပါးတာက အကူအညီပေးဝေရေး၊ ကျန်းမာရေးဝန်ဆောင်မှု၊ သယ်ယူပို့ဆောင်ရေး၊ ဈေးကွက်တွေနဲ့ ပြည်သူတွေရဲ့ နေ့စဉ် ရုန်းကန်လှုပ်ရှားနိုင်စွမ်း စတဲ့ အရာရာတိုင်းအပေါ် ရိုက်ခတ်တာပါ။တကယ်လို့သာ ပုံမှန်အခြေအနေဆိုရင် ဖြေရှင်းလို့ရနိုင်မယ့် စိန်ခေါ်မှုလေးတွေက အခုလို အခြေအနေမျိုးမှာတော့ ခက်ခဲတဲ့ အတားအဆီးတွေ ဖြစ်လာပါတယ်။
ကျွန်မအတွက် အကြွင်းမဲ့ ရှင်းလင်းနေတဲ့ အချက်တစ်ခုက မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေက အချိန်ကြာမြင့်စွာဖြစ်ပွားနေတာ၊ ဒါမှမဟုတ် ဦးစားပေးရမယ့် ကိစ္စတွေ အပြိုင်အဆိုင် များနေတာတွေကြောင့် နိုင်ငံတွင်း ကူညီပံ့ပိုးပေးမှုတွေကို လျှော့ချပစ်လိုက်လို့ လုံးဝမဖြစ်ဘူးဆိုတာဖြစ်ပါတယ်။
အသက်ကယ်ဆယ်ဖို့အတွက် ရေတို လူသားချင်းစာနာမှု အကူအညီတွေပေးတာက မရှိမဖြစ် အရေးကြီးတာမှန်ပေမဲ့ ဒါတင်ပဲဆိုရင်တော့ မလုံလောက်ပါဘူး။ ရေကြီးတာ၊ ငလျင်လှုပ်တာနဲ့ နေရပ်စွန့်ခွာ ရွှေ့ပြောင်းရတဲ့အခါမျိုးတွေ နောက်မှာပြည်သူတွေဟာ အရေးပေါ်အကူအညီတွေ လိုအပ်ကြပါတယ်။ ဒါပေမဲ့ သိက္ခာရှိပြီး ရေရှည်တည်တံ့တဲ့ လူမှုဘဝတစ်ခုကို တည်ဆောက်နိုင်ဖို့အတွက်တော့ ဒေသခံလူထုအတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ၊ ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုနဲ့ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာပါ ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်ပါတယ်။ ဒါမှလည်းဒေသခံတွေအနေနဲ့ အကူအညီတွေအပေါ်မှာပဲ ရေရှည် မှီခိုနေရတာမျိုး မဖြစ်တော့ဘဲ မိမိခြေထောက်ပေါ်မိမိရပ်ပြီး ကိုယ်ပိုင်ဘဝတွေကို ပြန်လည်တည်ဆောက်နိုင်ဖို့ လိုအပ်တဲ့ အထောက်အပံ့တွေကို ရရှိသွားမှာပါ။ ဒါ့အပြင် သူတို့ရဲ့အနာဂတ်ဟာ အခုလက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေထက် ပိုပြီးကောင်းမွန်လာနိုင်တယ်ဆိုတာကိုလည်း တစ်ဖန်ပြန်ပြီးတော့ ယုံကြည်လာနိုင်ကြမှာ ဖြစ်ပါတယ်။
ကျွန်မ နောက်ထပ် စိုးရိမ်မိတာတစ်ခုကတော့ ရှေ့ဆက်ဘာလုပ်ရမှန်းမသိဘဲ လမ်းပျောက်နေတဲ့ လူငယ်တွေ ပိုပိုများလာနေတာပါပဲ။
မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ ကလေးတွေဟာ တိုက်ပွဲတွေ၊ နေရပ်စွန့်ခွာထွက်ပြေးရတာတွေနဲ့ စီးပွားရေးကျပ်တည်းမှုတွေကြားထဲမှာပဲ ကြီးပြင်းနေကြရပြီး၊တည်ငြိမ်တဲ့ဘဝနဲ့ အခွင့်အလမ်းတွေ ဆုံးရှုံးနေကြရပါတယ်။ ဒါဟာ ရေရှည်မှာ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးဆိုင်ရာတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်လာစေမှာ အသေအချာပါပဲ။
တစ်ကမ္ဘာလုံးမှာတော့ အနာဂတ်အတွက် တီထွင်ဆန်းသစ်မှုတွေနဲ့ အကန့်အသတ်မရှိတဲ့ အလားအလာကောင်းတွေအကြောင်း ပိုပြီးတော့ အလေးအနက် ပြောဆိုနေကြပါပြီ။ ဒါပေမဲ့ မြန်မာနိုင်ငံက လူငယ်အတော်များများမှာတော့ အဲဒီလို ပြောဆိုဆွေးနွေးနေကြတာတွေကို ဘေးကနေပဲ လက်ပိုက်ငေးကြည့်နေရပြီး ငါတို့ဘဝတွေကျတော့ ဘာလို့ အခုထိ မတည်ငြိမ်မှုတွေနဲ့ပဲ ဖြတ်သန်းနေရတာလဲဆိုပြီး တွေးတောရင်း စိတ်ပျက်အားငယ်နေကြရပါတယ်။
မြန်မာပြည်သူတွေဟာ အသက်ရှင်ရုံတင် တောင်းတနေကြတာ မဟုတ်ပါဘူး။ ကျွန်မတို့တတွေလိုပဲ သူတို့ဘဝတွေကို သူတို့ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေနဲ့ပဲ ပြန်လည်တည်ဆောက်နိုင်မယ့် အခွင့်အရေးမျိုးကို လိုချင်ကြတာပါ။ ပြီးတော့ အရေးအကြီးဆုံးက ဒီလိုအကျပ်အတည်းတွေက နိုင်ငံရေးအရ နက်နဲလာတဲ့အခါမျိုးမှာ ဒါမှမဟုတ် အထူးသဖြင့်နိုင်ငံရေးအရ ပိုပြီးရှုပ်ထွေးမှုတွေများလာချိန်မှာ ကမ္ဘာကြီးက သူတို့ကို မေ့လျော့မထားဘဲ ဆက်ပြီးတော့ လက်တွဲကူညီပေးနေဖို့ကို သူတို့ တကယ် လိုလားကြတာပါပဲ။
မြန်မာနိုင်ငံဟာ ကမ္ဘာကြီးက အပြန်အလှန်ဆွေးနွေးငြင်းခုန်နေကြပြီး၊ ဖြစ်နေကျပဲ ဆိုကာ ဘာမှမတတ်နိုင်သလို လက်ခံလိုက်ကြတဲ့ အဆုံးမရှိ ထပ်ခါတလဲလဲ အကျပ်အတည်းတွေ ဖြစ်ပွားနေတဲ့ နိုင်ငံမျိုးတော့ လုံးဝ ဖြစ်သွားလို့ မရပါဘူး။
နိုင်ငံအနှံ့မှာ ကျွန်မ ဆက်ပြီး မြင်တွေ့နေရတဲ့ ပြည်သူလူထုရဲ့ ရဲစွမ်းသတ္တိတွေအပေါ်မှာ တကယ့်ကို လှုပ်ခတ်ခံစားမိဆဲပါ။ မိမိတို့မှာ ရှိတဲ့ အနည်းအကျဉ်းလေးကိုပဲ အိမ်နီးနားချင်းတွေနဲ့ မျှဝေနေကြတာတွေ၊ သဘာဝဘေးအန္တရာယ်သင့် မိသားစုတွေကို စေတနာ့ဝန်ထမ်းတွေက ဝိုင်းဝန်းကူညီပေးနေကြတာတွေ၊ ဆရာ၊ဆရာမတွေက ယာယီ ရွှေ့ပြောင်းနေထိုင်ရာစခန်းတွေမှာ ကလေးတွေကို စာဆက်သင်ပေးနေကြတာတွေ၊ ဒေသခံလူသားချင်းစာနာမှုဆိုင်ရာ ဝန်ထမ်းတွေဟာ အကူအညီလိုအပ်နေတဲ့သူတွေကို ပစ်မထားနိုင်ကြလို့ ခက်ခဲပြီး အန္တရာယ်များတဲ့ နေရာတွေအထိ အရောက်သွားပြီး ကူညီပေးနေကြတာတွေကို မြင်တွေ့ခဲ့ရလို့ပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ကြံ့ကြံ့ခံနိုင်စွမ်း တစ်ခုတည်းနဲ့တော့ နိုင်ငံတစ်နိုင်ငံကို ရေရှည် တောင့်ခံထားနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ မြန်မာပြည်သူတွေဟာ နိုင်ငံတကာအသိုင်းအဝိုင်းဆီကနေ အဆက်မပြတ် ကူညီပံ့ပိုးမှုတွေကို ရထိုက်ရုံတင် မကပါဘူး၊ လိုအပ်ချက်တွေအမြင့်မားဆုံးဖြစ်နေတဲ့ အခုလို အချိန်မျိုးမှာ ဒီအကျပ်အတည်းကို ကမ္ဘာကြီးရဲ့ အာရုံစိုက်မှုအပြင်ဘက် ပိုပြီးတော့ ရောက်မသွားစေဖို့အတွက် တကယ် စိတ်ရင်းမှန်နဲ့ ကတိကဝတ်ပြု လုပ်ဆောင်ပေးတာတွေကိုလည်း ရဖို့ထိုက်တန်ပါတယ်။
ဂွင်လူးဝစ်စ် ဟာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလကတည်းက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ)အဖြစ် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။